Aug 20 2010

မင်္ဂလာပါ

အားလုံး မင်္ဂလာပါ..။

ဒီလိုနှုတ်ဆက်လိုက်တော့.. တော်တော်နွေးထွေးသွားတယ် ခံစားမိတယ်..။ ညီမင်းစံ သေပလားဆိုပြီး ဖုန်းဆက်မေးတဲ့ အစ်ကို အစ်မတွေ.. ညီမင်းစံ တစ်ခုခုများ ဖြစ်နေသလား သိချင်တဲ့ သူတွေ ရှိမယ် ထင်ပါတယ်..။ ဟုတ်ကဲ့..။ တစ်လကျော်အတွင်းမှာ အပြောင်းအလဲပေါင်း များစွာ ဖြစ်သွားပါတယ်..။ အခုလောလောဆယ် ကျန်းမာရေးအခြေအနေ မဆိုးလှပါ..။ လုပ်စရာရှိတာတွေ ဆက်လုပ်နေပါသေးတယ်..။

သိပ်များမကြာခင်တော့ ဓါတ်ပုံလေးတွေ ပြန်လည်တင်ဆက်သွားနိုင်မယ်လို့ မျှော်လင့်သလို အက်ဆေးတွေ ကဗျာတွေ ပြန်ရေးနိုင်တော့မယ်လို့ ထင်ပါတယ်..။

နေမကောင်းဖြစ်နေတုန်း စိတ်ပူပြီး မေးလ်နဲ့ တခုတ်တရမေးလာတဲ့ မောင်နှမတွေကို ကျေးဇူးတင်ပါတယ်..။ ကျွန်တော် အခုချိန်ထိတော့ အေးဆေးပါပဲ..။

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Jun 18 2010

BYE, Hope meet soon

အချိန်ရတုန်း ဘလော့ဂ်ကို ဝင်ကြည့်ရင်း ကွန်နရှင်ပါ နည်းနည်းကောင်းတဲ့အတွက် စာဝင်ရေးဖို့ အခွင့်အရေးရပါတယ်..။ ကျွန်တော် ကျန်းမာရေး အခြေအနေတစ်ခုကြောင့် ဆေးရုံတက်ရပါမယ်..။ ဘယ်လောက်ကြာကြာ နားနေရမယ်ဆိုတာ မသိပါဘူး..။ Operation တစ်ခုလည်း လုပ်ရဖို့ရှိပါတယ်..။ ကျွန်တော် တတ်နိုင်သမျှ အမြန်ဆုံး သက်သာအောင် ကြိုးစားပြီး အရင်လို ဓါတ်ပုံတွေ ပြန်ရိုက် စာတွေပြန်ရေးနိုင်အောင် ကြိုးစားပါဦးမယ်..။ အခုလို ဘလော့ကနေ မျှဝေခွင့်ရတဲ့အတွက် အများကြီး ဝမ်းသာမိပါတယ်..။ နောက်ကိုလည်း အခုလို မျှဝေဖို့ အခွင့်အရေး ရှိချင်ပါသေးတယ်..။ ဘာပဲဖြစ်ဖြစ် ဒီဘလော့ကနေ ကျွန်တော့်ကိုသိ ဒီဘလော့က်နေ ကျွန်တော်ကနေ သိလာရတဲ့သူတွေအတွက် အများကြီး ဝမ်းသာပါတယ်..။ ဒီလိုလူတွေ ရလာတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်..။ အခြေအနေ အရ ခေတ္တခဏ အနားယူရပေမယ့် ပြန်ကောင်းတာနဲ့ ကျွန်တော် ပြန်လာနိုင်အောင် ကြိုးစားမှာပါ..။ ဒါပေမယ့် စိတ်ထဲ နည်းနည်း မတင်မကျဖြစ်နေတာက တစ်ခုခုများ ဖြစ်ခဲ့ရင် ဆိုတဲ့အတွေးပါ..။ ဖြစ်ဖို့ နည်းပေမယ့် ဖြစ်သွားခဲ့ရင် ဆိုတဲ့အတွေးကို ကျွန်တော် ဖျောက်မရခဲ့ပါဘူး..။ ကျွန်တော်ဟာ လူသားတစ်ယောက်ပါ..။ အမှားနဲ့ မကင်းပါဘူး..။ အမှားတွေ အများကြီး ရှိခဲ့ကောင်း ရှိခဲ့နိုင်ပါတယ်..။ စာဖတ်တဲ့ ညီအစ်ကို မောင်နှမတွေအပေါ် အမှားအယွင်းတွေ ရှိကောင်းလည်း ရှိနိုင်ပါတယ်..။ ဒီလို အမှားအယွင်းတွေ ရှိခဲ့ရင် ခွင့်လွှတ်စေချင်ပါတယ်..။ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်..။ ပြန်လည် ဆုံတွေ့မယ်လို့ မျှော်လင့်ပါတယ်..။

VN:F [1.8.8_1072]
Rating: 9.3/10 (4 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Jun 8 2010

ပေါင်းစပ်ကြည့်မိသော ထောင့်ချိုးလေးများ

ကျွန်တော် ဆယ်တန်းကျောင်းသားဘဝကတည်းက ကျောင်းစာနဲ့ မဆက်စပ်တဲ့ စာအုပ်တွေ ရှာဖတ်တဲ့ အကျင့်ရသွားတယ်..။ အဲဒီတုန်းက ကျွန်တော်ဖတ်တဲ့စာအုပ်တွေက မင်းသိင်္ခရေးတဲ့ ဝတ္ထုတွေပါ..။ စွဲစွဲမြဲမြဲကို ဖတ်ဖြစ်ခဲ့ပါတယ်..။ စာအုပ်တွေ ဖတ်မိရာကနေ ဆားပုလင်းနှင်းမောင်ရဲ့ စရိုက်ကို အတုခိုးမိသလို ဘိန်းစားဘွန်ဟောင်းလို စာပေရေးရာနဲ့ လောကီရေးရာတွေမှာ နှံ့စပ်ချင်မိတယ်..။ စနေမောင်မောင်လို တပါးသူတွေ မသိလောက်တဲ့ လျှို့ဝှက်တဲ့ အတတ်ဆန်းတွေ တွေးတတ် လုပ်တတ်ချင်တယ်..။ ပုဏ်ဏားဘကွန်းလို ခိုင်မာတဲ့ ဇွဲနပဲရှိချင်တယ်..။ အောင်မြင်ချင်တည်..။ တည်ဆောက်ချင်တယ်..။ စာအုပ်တစ်အုပ်ကို ဖတ်မိရင် ဖတ်မိတဲ့ ဇာတ်ကောင်တွေရဲ့ စရိုက်၊ စာရေးဆရာရဲ့ လွှမ်းမိုးမှုကို အနည်းနဲ့အများ ခံရတယ် ဆိုတာကို ပြောချင်တာပါ..။

အနုအလှတွေရေးတဲ့နေရာမှာ တွေးတဲ့နေရာမှာပဲဖြစ်ဖြစ်၊ သိပ္ပံနည်းကျ စနစ်တကျတွေးခေါ်သုံးသပ်ကြည့်တာပဲဖြစ်ဖြစ်၊ လူမှုရေးအမြင်မှာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ဆီက ကျွန်တော်တို့ရဲ့ ပင်ကိုအသိကနေ တိုက်ရိုက်လာတာထက် ကျွန်တော်တို့ ဖတ်ခဲ့ မှတ်ခဲ့ သင်ခဲ့ လေ့လာနာယူခဲ့တဲ့ ကျွန်တော်တို့အပေါ် လွှမ်းမိုးထားတဲ့ စာရေးဆရာ၊ သင်ဆရာ၊ မြင်ဆရာတွေရဲ့ ရိုက်ခတ်မှုက ရာခိုင်နှုန်းပိုများပါတယ်..။ အားလုံးကို ဆိုလိုတာမဟုတ်ပါဘူး..။ ဒါဟာ ရင့်ကျက်မှု တစ်နည်းအားဖြင့် ပြောရရင် Mature ဖြစ်တယ်လို့ သတ်မှတ်လို့ရပါတယ်..။

ဒီဘက်ခေတ်မှာ စာရေးတတ်တာနဲ့ စာအုပ်တွေ ဟောတစ်အုပ် ဟောတစ်အုပ်ထွက်ပြီး နာမည်ကြီးနေတဲ့ စာရေးဆရာတွေ များလာပါတယ်…။ အရင့်အရင်တုန်းကတည်းကလည်း အဲဒီလိုစာရေးဆရာတွေ ရှိတာပါပဲ..။ မကောင်းတဲ့စာပေလို့ ကျွန်တော်လက်ညှိုးမထိုးပါဘူး..။ အပျင်းပြေအပျော်ဖတ်အဆင့်လောက် စာရင်းသွင်းရမယ့် သဘောမှာရှိပါတယ်..။ ဒါကို ကျွန်တော်က သတ်မှတ်တာမဟုတ်ပါဘူး..။ စာဖတ်သူတစ်ယောက်အနေနဲ့ ကိုယ်တိုက်သတ်မှတ်လို့ရသလို စာပေရေးရာ ဝေဖန်ရေးဆရာတွေက သတ်မှတ်တာတွေပါ..။ ကိုယ်ဖတ်တဲ့စာအုပ်တစ်အုပ်က ကိုယ့်အတွက် အချိန်ကုန် ငွေကုန်ထားသလောက် ကိုယ့်အတွက် အကျိုးပြုတာ တစ်ခုမှမရရင် အပျော်ဖတ် အပျင်းပြေလောက်ပဲ ရှိမှာပါ..။ စာပေဟာ လူ့ဘဝရဲ့ မီးပြတိုက်ပါ..။ အတွေးအခေါ်လမ်းကြောင်းတွေ ပေါက်ဖွားရာ ရင်းမြစ်ပါ..။ စာပေက တွန်းတဲ့အားက လူတစ်ယောက်ရဲ့ ဘဝနဲ့ယှဉ်ပြီး သိတဲ့အသိကို back to back ပြောင်းလဲစေတာမျိုးပါ..။ ဓါးသွားထက် ကလောင်သွားထက် ဆိုတဲ့ စကားလည်း ရှိပါတယ်..။ ဓါးတစ်လက်နဲ့ လူတစ်ယောက်ကို အသက်သေအောင် သတ်နိုင်ပါတယ်..။ ကလောင်သွားနဲ့ လူတစ်ယောက်ထက်မကတဲ့ ဘဝတွေကို ဂျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်ပစ်လို့ရပါတယ်..။

ဒီနေ့ခေတ်မှာ အင်တာနက်ရှေ့ ငုတ်တုတ်ထိုင် ဟိုကလစ်ဒီကလစ် လုပ်လိုက်ရင် ကိုယ်မသိသေးတဲ့ ကိုယ်နဲ့စိမ်းနေသေးတဲ့ အသစ်ဆိုတဲ့ အကြောင်းအရာ အရာအထောင်တို့က ကိုယ်ပိုင်အတွေးအခေါ်တွေ ဆန့်ထုတ်ပစ်ဖို့ စောင့်ကြိုနေပါတယ်..။ ရွေးချယ်ပြီး ထိထိရောက်ရောက်သာ အသုံးချတတ်မယ်ဆိုရင် ကိုယ့်အတွက်တင်မဟုတ်ပါဘူး..။ ကိုယ့်ပတ်ဝန်းကျင်ကို အများကြီး ပြောင်းလဲပစ်လို့ရပါတယ်..။

ဆိုပါစို့..။ ကျွန်တော်က ဘာမှမသိဘူး..။ ကျွန်တော်သိချင်တာလေး တစ်ခုရှိတယ်..။ ဥပမာ ကွန်ပျူတာ ဒီဇိုင်းဆိုပါတော့..။ ဒီတော့ ကျွန်တော့်အတွက် ပထမဆုံး အားထုတ်ရမှာက ကွန်ပျူတာဒီဇိုင်းပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်အောင် သင်ပေမယ့်နိုင်မယ့် သူကိုရှာရင်ရှာ မဟုတ်ရင် အဲဒီပညာရပ်အကြောင်းကို အခြေခံကအစ ရေးသားပို့ချပေးနိုင်တဲ့ ပညာရှင်တစ်ယောက်ရေးတဲ့ စာအုပ်ကိုရှာချင်ရှာ ဒါမှမဟုတ် အင်တာနက်အသုံးချပြီး စတင်လေ့လာလိုသူတွေအတွက် အခမဲ့ သင်ယူနိုင်မယ့် web site တွေကိုရှာရမယ်..။ ဒါက Dependency အဆင့်ဖြစ်ပါတယ်..။ ကျွန်တော်လေ့လာချင်တဲ့ ဘာသာရပ်အတွက် အထောက်အပံ့တွေအပေါ် မှီခိုပြီးရှာရ ဖွေရ ဆည်းပူးရပါတယ်..။ နောက်တစ်ဆင့်မှာ ကျွန်တော် ဒီပညာနဲ့ ပတ်သက်ပြီး လေ့လာရင်းနဲ့ တတ်မြောက်တဲ့အဆင့်ကို ရောက်သွားတယ်..။ အစ ပထမတုန်းကလို ဝေတေဝါးတား မဟုတ်တော့ဘူး..။ ဘာလုပ်ရင် ဘာဖြစ်မယ်..။ ဖန်တီးမှုတစ်ခုအတွက် ဘာတွေလိုအပ်တယ် ဆိုတာတွေ နားလည်တဲ့ အဆင့် ရောက်သွားပါတယ်..။ ဒီအခြေအနေက Independence လို့ ခေါ်ပါတယ်..။ မှီတွယ်နေရတာတွေကနေ ကင်းလွတ်သွားတာ ဖြစ်ပါတယ်..။ ပညာရပ်တစ်ခုကို တတ်ကျွမ်းသွားတယ်ဆိုတာ လုပ်စားလို့ ရလောက်တဲ့အထိကို ဆိုလိုပါတယ်..။ ဒါကို Professional တစ်ယောက်ဖြစ်လာတာမျိုးပါ..။ ဟိုဘက်ခေတ်အခြေအနေတုန်းက မှတ်မိသလောက် လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဆိုရင်တော့ ဒီအဆင့်နဲ့တင် လုပ်စားလို့ရပါတယ်..။ ဒီဘက်နှစ်တွေမှာတော့ ဒီအဆင့်နဲ့ မရတော့ပါဘူး..။

အသစ်အသစ်ထပ်ထွက်လာတဲ့ နည်းပညာတွေကို အချိန်နဲ့အလိုက် ဆွေးနွေးလေ့လာတိုင်ပင်နှီးနှောရင်း လမ်းစသစ်တွေုလုပ်ဖို့အတွက် ပညာရပ်တွေဖလှယ်ဖို့ဆိုတာ လိုအပ်လာပါပြီ..။ ကျွမ်းကျင်နယ်ပယ်ချင်းတူကြတဲ့ တစ်ယောက်ပေါ်တစ်ယောက် တစ်ဖွဲ့ပေါ်တစ်ဖွဲ့ အပြန်အလှန် ဆွေးနွေးတိုင်ပင်ရင်း အချင်းချင်း မှီခိုခြင်းသဘောတွေ ပါလာပါတယ်..။ ဒါက Interdependency ဖြစ်ပါတယ်..။ ကျွန်တော်ဒီအကြောင်းတွေ ပြောတာက အင်တာနက်ကို မြည်းစမ်းကြည့်ဖူးတဲ့ လူငယ်တွေ လမ်းစသစ်တွေပေါ်ခြေချရင်း အကျိုးရှိရှိ အသုံးချနိုင်စေချင်လို့ပဲဖြစ်ပါတယ်..။ ကျွန်တော်တို့ လူမျိုးတွေကို လျှော့တွက်လို့မရပါဘူး..။ အရည်အချင်းရှိကြပါတယ်..။ Interdependency အဆင့် တက်ဖို့အတွက် ကွင်းဆက်ကလေးတွေ ချိတ်မိဖို့ပဲ လိုအပ်နေပါသေးတယ်..။ ဒီဘက်ခေတ်မှာ ကိုယ်တစ်ယောက်တည်း သိနေတတ်နေလို့ မရတော့ပါဘူး..။ ဘယ်လောက်အထိ ဖြန့်ဝေပေးနိုင်သလဲဆိုတဲ့အပေးမှာ Professional တွေရဲ့ Roll က တည်မှီနေပါတယ်..။ ဒါ့ကြောင့် သိထား တတ်ထားတာတွေ မျှဝေဖို့ဆိုတာ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်လာပါတယ်..။

အပျင်းပြေ အပေါစားဝတ္ထုတစ်အုပ် ဖတ်ဖို့ ပေးရလောက်တဲ့ အချိန်နဲ့ ပညာရပ်တစ်ခုအတွက် အချိန်တစ်ခုလေးသာ ပုံမှန်ပေးဖြစ်မယ်ဆိုရင် တစ်ရက်နှစ်ရက် ဘာမှသိပ်မထူးပေမယ့် လနဲ့ချီပြီး ရင်းနှီးမြှပ်နှံကြည့်မယ်ဆိုရင်တော့ အပြောင်းအလဲ ကြီးကြီးမားမား ကိုယ့်အတွက်ဖြစ်လာမှာ သေချာပါတယ်..။

VN:F [1.8.8_1072]
Rating: 9.5/10 (2 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
  • Share/Bookmark

Jun 7 2010

Close Your Eye

သူငယ်ချင်းကို မျက်စေ့မှိတ်ပြီး ရိုက်ထားတာလေး B&W version ပြောင်း 1:2 ration နဲ့ cropping လုပ်.. ဘောင်ခတ် စာတပ် လုပ်ပြီးသကာလ..။ ကျွန်တော် ဒီလိုပုံရိုက်ချင်လို့ ကြိုးစားနေတာ နည်းနည်းကြာပြီ..။ ပြင်ထားတဲ့ မျက်တောင်မျိုး မလိုချင်ဘူး..။ ဒီမျက်တောင်ရော မျက်ခုံးရောက ပြင်ထားတာမဟုတ်ဘူး..။ တကယ့် မူလအတိုင်းပဲ..။ သူ မိတ်ကပ်တောင်မလိမ်းဘဲ အရိုက်ခံထားတာပါ..။ ရမ်းသမ်းရိုက်ကြည့်တာ ဖြစ်တဲ့အတွက် လိုတာတွေရှိကောင်း ရှိနိုင်ပါတယ်..။

Black and White version ကို ပြောင်းတဲ့အချိန်မှာ နည်းနည်းလက်ပေါက်ကပ်ပါတယ်..။ တစ်ရောင်ချင်းဆီချိန်ရလို့ပါ..။ ပုံကို capture လုပ်ရင် color နဲ့ လုပ်မယ်ဆိုရင် အရောင်တွေရှိပါတယ်..။ လူ့အသားအရောင်မှာ အနီ အဝါတွေ ရှိတယ်.။ ဘေးပတ်ဝန်းကျင်မှာ အစိမ်းတွေ အပြာတွေ ခရမ်းတွေ စိမ်းပြာတွေရှိမယ်..။ အဲဒါတွေကို လိုတိုးပိုလျှော့ လုပ်ရပါတယ်..။ အခုပုံမှာ အဝါလျှော့ချ အနီလျှော့ချလိုက်တဲ့အတွက် အသားအရောင်က အဖြူဘက် ပိုလင်းတဲ့အရောင်ဘက်ကို သန်းပါတယ်..။ တကယ်လို့ အစစ်အမှန် Black and White version ဒီအတိုင်းပဲ ထားမယ်ဆိုရင်တော့ အနက်ရောင်များပြီး အရင့်ဘက်ကို သွားမှာ ဖြစ်တဲ့အတွက် ပုံမှာ ညစ်တစ်တစ်ဖြစ်နေသလို ဖြစ်နေပါလိမ့်မယ်..။

ကျွန်တော် တကယ့် Black & White version စစ်စစ်တွေ ကြိုးစား ဖန်တီးကြည့်ချင်ပါသေးတယ်..။

VN:F [1.8.8_1072]
Rating: 10.0/10 (2 votes cast)
VN:F [1.8.8_1072]
Rating: +3 (from 3 votes)
  • Share/Bookmark

Jun 7 2010

လမ်းပေါ်မှာ

ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတာ လမ်းပေါ်က ဘဝတွေအကြောင်း ရေးထားတာပါ..။ ကျွန်တော် Street Life ကို နှစ်သက်ပါတယ်..။ နှစ်သက်တယ် ဆိုတာ လမ်းမပေါ်မှာ လှုပ်ရှား ရုန်းကန်နေတဲ့ လူတွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနားတဲ့ အမြင်တွေ အလုပ်အကိုင်တွေ တစ်ယောက်နဲ့တစ်ယောက် မတူတဲ့ အတွေးအခေါ်တွေ အပြုအမူတွေ တစ်ယောက်နဲ့တစ်ယောက် ဝမ်းစာရှာဖွေ စားသောက်ပုံတွေ လေ့လာနိုင်သလို လူတွေရဲ့ ဘဝတွေနဲ့ တိုက်ရိုက် ထိတွေ့နေတာဖြစ်တဲ့အတွက် သူတို့ ဇောတွေနဲ့ဆို ဘယ်လိုခြေလှမ်း ဘယ်လို မျက်လုံး ဘယ်လို ပုံစံ ဆိုတာ သိနိုင်သလို ပျော်နေတဲ့သူဆို ဘယ်လိုခြေလှမ်း ဘယ်လိုမျက်လုံး ဘယ်လိုနှုတ်ခမ်းတွေဆိုတာကို စာတွေ ဖတ်လို့ရပါတယ်..။

ကွာခြားခြင်း များပါတယ်..။ တစ်ယောက်ရဲ့ဘဝနဲ့ တစ်ယောက်ရဲ့ဘဝ ခြားနားနေတယ်ဆိုတာ ကျွန်တော်အခုပြောတာထက် ကလေးတောင် သိပါတယ်..။ လူတွေဘယ်လိုအခန်းကဏ္ဍကနေ ဘယ်လိုရှင်သန်နေထိုင်သလဲဆိုတာ စူးစမ်းလိုစိတ်က ကျွန်တော့်ဆီမှာ ရှိပါတယ်..။ ဓါတ်ပုံတွေ ရိုက်ရင်လည်း လမ်းပေါ်မှာ လျှောက်သွား ဆက်ဆံနေတဲ့ သူတွေနဲ့ ပတ်သက်တာတွေ ရိုက်ချင်တာ..။ ရိုက်ချင်လွန်းလို့ကို လေ့ကျင့်ထားတာတွေလည်း ရှိပါတယ်..။ ကင်မရာဘယ်လိုကိုင် ဘယ်လိုရိုက် ဘယ်လို setting ထားဆိုတာ မျိုးတွေကအစပေါ့..။

ကျွန်တော် အခုပြောချင်တာ ကင်မရာ နည်းပညာအကြောင်း မဟုတ်ပါဘူး..။ လူတွေရဲ့ urbanization ကို ပြောချင်တာပါ..။ မြို့ပြ လူနေပိုထူထပ်လေ လူတွေရဲ့ အတ္တနဲ့ အခန်းကဏ္ဍက ပိုထင်ရှားလေ ဖြစ်ပါတယ်..။ အင်အားကြီးသူနိုင်စတမ်း ဆိုတဲ့ လောကကြီးရဲ့ သရုပ်က လူနေထူထပ်တဲ့ မြို့ပြဘဝတွေ ဥပမာ ရန်ကုန်နဲ့ မန္တလေးလို ကွာပါတယ်..။ ရန်ကုန်မှာ ပလက်ဖောင်းမှာ လမ်းလျှောက် သွားနေတဲ့ သူတွေ အများကြီး..။ သူတို့ မျက်နှာတွေမှာ ဘဝရဲ့ အရိပ်အယောင်တွေ ထင်ဟပ်နေတာတွေ အများကြီး..။ အနာဂါတ် မရေရာသူ တွေဝေစွာ လျှောက်လှမ်းနေတယ်..။ အပူပင်ကင်းပြီး မိဘအရိပ်အာဝသမှာ တည်မှီနေတဲ့သူတွေက mp3 player လေးတပ် သီချင်းလေးနားထောင်၊ တချို့ တိုးတိုးလေးညည်းလို့ လမ်းလျှောက်သွားကြတယ်..။ တချို့သေရေးရှင်ရေး ချွေးပြိုက်ပြိုက်ကျလို့ ပြေးရလွှားရတယ်..။ အနားမှာ ဘယ်သူ ရှိနေတယ်ဆိုတာထက် ဟိုအဝေးက အလုပ်တစ်ခုကိုပဲ အာရုံထား လှုပ်ရှားချင်သူတွေပေါ့..။

ကိုယ့်အတွက် နေရာလေးတစ်ခု ရဖို့ ကိုယ့်မိသားစုအတွက် နေရာလေးတစ်ခုရဖို့ ကိုယ့်ပတ်ဝန်းကျင်ကြားမှာ အခြေအနေလေးတစ်ခု ဖြစ်လာဖို့ ကိုယ့်ဘဝအတွက် အပြောင်းအလဲလေးတစ်ခု ဖြစ်လာဖို့အတွက် ကိုယ့်အတွက် အာရုံသိပ်စိုက်လာတော့ ကိုယ့်ပတ်ဝန်းကျင်ဆိုတာ ဘာဆိုတာ မေ့လာတတ်ကြတယ်..။ ကျွန်တော် အပူအပင် သိပ်မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် မထင်ပါဘူး..။ ကျွန်တော်ကိုယ်တိုင်လည်း အပူပင်တွေနဲ့ တွယ်ငြိနေတဲ့ လူသားတစ်ယောက်ပဲ..။ ကျွန်တော် ပူပင်သောကတွေ ဝေနေတဲ့အချိန် ကျွန်တော့်ပတ်ဝန်းကျင် ဘာဖြစ်နေတယ်ဆိုတာကို သတိထားမိမယ် မဟုတ်ဘူး..။ ကြီးကြီးမားမားမှ သတိထားမိမယ်..။ ကမ္ဘာကြီး ပူနွေးနေတာ ရုတ်တရက် သတိမထားမိဘူး..။ သစ်ပင်တွေ ကျဲပါးကုန်တာ သတိမထားမိဘူး..။ လူတွေ ပူလောင်သောကတွေနဲ့ စိတ်တို စိတ်ဆတ်နေတာ သတိမထားမိဘူး..။ လိုင်းကားပေါ်ရောက် ကားခပေးတော့ ၂၀၀ ဖြစ်နေတာတော့ သတိထားမိတယ်..။

ကိုယ်ပေးသလောက် ကိုယ်ပြန်ရမှ လူ့စိတ်က ပြည့်စုံတယ်လို့ ထင်တတ်ကြစမြဲပဲ..။ ဒါမှလည်း သဘာဝကျမယ့်အပြင် ခုနကလို ရုန်းကန်လှုပ်ရှားနေတာတွေနဲ့ တန်တဲ့ result တစ်ခုကို ရလာမှာပဲ..။ ဘယ်နေရာမဆို အပေးအယူမျှဖို့ အရေးကြီးပါတယ်..။ ဆင်ခြင်သင့်ပါတယ်..။ ဘဝကို ဘယ်သူမဆို ပေါ့ပေါ့ပါးပါးဖြတ်သန်းပြီး အောင်မြင်မှုဆိုတာကို ယူချင်တတ်ကြမှာပဲ..။ တချို့အစိတ်အပိုင်းတွေမှာ ဖော့ပြီးယူတတ်ဖို့ အရေးကြီးပါတယ်..။

ကျွန်တော် ပလက်ဖောင်းဘေးမှာ နာရီအတိုအစလေးတွေ ရောင်းဖူးပါတယ်..။ ခါးလိုက်တဲ့ ဘဝဗျာ..။ ဒီဇင်ဘာလို ခိုက်ခိုက်တုန်အောင် အေးတဲ့ ညမှာ စက်ဘီးလေးပေါ် ဘုတ်ကလေးတင်ပြီး ကြိုးလေးတွေတားလို့ နာရီလေးတွေချိတ်ရောင်းတဲ့ဘဝပါ..။ အဲဒီတုန်းက ရှစ်တန်းကျောင်းသား ဘဝရယ်ပါ..။ ကျွန်တော် ဘယ်ပျော်နိုင်လိမ့်မတုန်း..။ ဒါမေယ့် ရောင်းရတဲ့ ငွေတွေရေတွက်ရင်း ကျွန်တော့်ရဲ့ မနက်ဖြန်တွေအတွက် ရင်ခုန်ခဲ့ဘူးတယ်..။ ဖြစ်လာတာ မဖြစ်လာတာ အပထား အခြေအနေတစ်ခုအရ ကျွန်တော့်အိပ်မက်ကလေး မက်ခွင့်တော့ ရှိတာပါပဲ..။ ဒီနေ့ ကျွန်တော်မက်ထားတဲ့ အိပ်မက်အတိုင်း ဖြစ်မလာသေးပါဘူး..။ အခုလောလောဆယ် အခြေအနေမှာ များသောအားဖြင့် ကျွန်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းရဲ့ လူငယ်တွေကို တီးကြည့်ခေါက်ကြည့်တော့ အိပ်မက်မက်ဖို့ သူတို့ မတတ်ဘူး..။ ရည်မှန်းချက်ဆိုတာ စာလုံးပေါင်းလောက်သာ သိတော့တယ်..။

အိပ်မက်များများမက်ပြီး ပန်းတိုင်တစ်ခုခု ချထားနိုင်ရင် လမ်းစတစ်ခုခုပေါ်တော့ ရောက်သွားမှာပဲ..။ ဒီနေ့ လမ်းပေါ်မှာ လျှောက်သွားနေတဲ့ သူတွေ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်တစ်ခွက်ရှေ့ချပြီး ယင်မောင်းနေတဲ့သူတွေ ကြည့်ကြည့်ပါ..။ သူတို့တွေ ပန်းတိုင်တစ်ခု ချထားရဲ့လား..။ သူတို့ နေချင်သလို နေတတ်သလိုနေနေ သလားဆိုတာ..။

VN:F [1.8.8_1072]
Rating: 9.7/10 (3 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
  • Share/Bookmark